မိုင်းဖြတ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပါညုကျေးရွာအနီး တောင်သူ ဦးအောင်မျိုးလယ်၌ သုသေတနစိုက်ပျိုးထားသည့် မိုးစပါးမျိုး ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းမှုအား အောက်တိုဘာ ၁၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ စိုက်ပျိုးရေးဝန်ထမ်းများက လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ကျိုင်းတုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဒုတိယဦးစီးမှူး ဦးလှဝင်းက အမှာစကားပြောကြားရာ မြို့နယ်တိုင်းအနေဖြင့် သုတေသနစမ်းသပ်ကွက်များကို ဆောင်ရွက်ထားရှိသော်လည်း မိုင်းဖြတ်မြို့ နယ်ကဲ့သို့ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီ ဆောင်သီနှံများ စိုက်ပျိုးရမည်ဖြစ်သည့်အတွက် ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုလာရောက်လေ့လာစဉ် တွေ့ရှိရသည့် အတွေ့အကြုံများကို နည်းစနစ်ရယူပြီး မိမိတို့မြို့နယ်များတွင် ပြန်လည်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုင်းဖြတ်မြို့နယ်အနေဖြင့် ပြည့်စုံသည်မဟုတ်သော်လည်း နည်းပညာများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ရယူကြပါက လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် မြေအသုံးချရေးတာဝန်ခံများ၊ မျိုးစေ့တာဝန်ခံများ၊ သီးနှံကာ ကွယ်ရေးတာဝန်ခံများက သုသေတနစိုက်ပျိုးထားသည့် မိုးစပါးမျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ကွက်အား သွားရောက်ကြည့်ရှုလေ့လာရာ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မျိုးအလိုက်စိုက်ပျိုးထားရှိမှု၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသရေမြေ၊ ရာသီဥတုကိုက်ညီသော အထွက်ကောင်းမျိုးများ စိုက်ပျိုးထားရှိမှု၊ ဒေသတွင်းအများဆုံးစိုက်ပျိုးသည့် ဆင်းဧကရီ-၃စပါးမျိုးအား စံထားမျိုးအဖြစ် ထားရှိကာ ၎င်းမျိုးနှင့်ယှဉ်ပြိုင်၍ အခြားမျိုး(၇)မျိုးနှင့် ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှု၊  EM- ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)