ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ကိုဗစ်ရောဂါဖြစ်ပွားချိန်ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ စီမံဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဟန်က ကြီးကြပ်စီမံဆောင်ရွက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်လှည့်လည်ပြီး အခြေခံစားသောက်ကုန်များအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည် ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ဆန်(၃)ပြည်အထိလည်းကောင်း၊ ကြက်ဥတစ်လုံးလျှင်ငွေကျပ် (၁၀၀)နှုန်းဖြင့် (၁၀)လုံးအထိလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာ လျှင် ငွေကျပ်(၃၅၀)နှုန်းဖြင့် (၂)ပိဿာအထိလည်းကောင်း၊  လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးနှုန်းသက်သာစွာဖြင့် စီမံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး