ကျောက်ပန်းတောင်း အောက်တိုဘာ ၁၉
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှိုင်သာကျေးရွာအုပ်စု၊ သန်းကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ် ရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေးပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မြစိမ်းရောင်စီမံကိန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်စေရန် နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက် လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီ ဝင်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ရန် အသင်းသား၊ အသင်းသူ စုစုပေါင်း(၉၈)ဦးကို ရန်ပုံငွေ (၃၉.၃)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)