မကွေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်

မကွေး အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအား ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၁၉ ရက်က တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ထောက်ပံ့ငွေများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကျချောင်းများနှင့် ရေကန်များ ရေလျှံမှုတို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော ကန်ရွာလေးကျေးရွာ၊ အလည်ချောင်းကျေးရွာနှင့် ချမ်းမြေ့သာယာကျေးရွာတို့မှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ထိခိုက်ဆုံးရှုံး မဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကလည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ တိုင်းဦးစီးမှူးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အထူးဂရုပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသော ပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေဘေးသင့် ဒေသခံပြည်သူများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ 

မကွေးမြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၀၈) စုရှိရာ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် (၅၁)သိန်းကျော်ခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)