နတ်မောက် အောက်တိုဘာ  ၂၂

 

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုတိုးလာသဖြင့် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ရေပိုလွဲမှ ၂ ဒသမ ၂ ပေ  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း နတ်မောက်ရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။ 

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် တမံရေပြည့် အမှတ် ၆၈၃ ပေ၊ လက်ရှိရေအမှတ် ၆၈၅ ဒသမ ၂ ပေရှိ၍ ၂ ဒသမ ၂ ပေခန့် ရေပိုလွှဲမှရေကျော်ကျခဲ့ပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၅ ဒသမ ၂ ပေရှိပြီး ၂ ဒသမ ၂ ပေ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

 

နတ်မောက်ရေလှောင်တမံ ရေပိုလွဲမှရေကျော်ကျမှုရှိနေသော်လည်း တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိအောင် ဆောင်ရွက် ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံဦးထိန်လင်းထံမှ သိရသည်။

နတ်မောက်(ပြန်/ဆက်)