မိတ္ထီလာ၊ အောက်တိုဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထင်းအစားထိုး အခြားလောင်စာ တိုးမြှင့်အသုံးချရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်း ခြောက်သွေ့မိုးနည်းရပ်ဝန်းဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူလူထု၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်း ပေးရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ရာသီဥတု မျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသခံပြည်သူများသိရှိနားလည်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်အတွက် ဇရပ်ကုန်း၊ ရေဝေ၊ ဆပ်ပြာကျင်း၊ တပျော်၊ မုန်တိုင်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာ(၂၀)တွင် လူထုပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပြီး စွမ်းအားမြှင့်မီးဖို (၉၉၄)လုံးကို   အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရေရရှိရေးလုပ်ငန်းအနေဖြင့် မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ဇရပ်ကုန်း ကျေးရွာအုပ်စု ဆူးရစ်တန်းကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် အလုံး(၁၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)