ဘားအံ အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများ ပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်အချက်များကို ကရင်ဘာသာ၊ မြန်မာဘာသာ၊ နှစ်ဘာသာဖြင့် နှိုးဆော်ပေးရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနိုးဆော်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


