တောင်ကြီး      အောက်တိုဘာ  ၂၂

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ် ဦးစီးမှူးရုံးများမှ “ပန်းခင်း”စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “ပန်းခင်း”ဟူသော စီမံချက်နှင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစတင်ပြီး တစ်နိုင်ငံလုံး တွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးဆောင်ရွက် ရာတွင် လွယ်ကူလျင်မြန်စေရန် ဥပဒေနှင့်အညီ တတ်နိုင်သမျှဖြေလျော့ပြီး “ပန်းခင်းစီမံချက်နှင့် ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများအနေဖြင့် တောင်ကြီးမြို့နယ်ရုံးကို လာရောက်ဆောင်ရွက်ရသည့် ကိစ္စတစ်ခုကို အဆင်ပြေချောမွေ့စွာဖြင့် ငွေကြေးကုန်ကျမှုသက်သာပြီး ကိုယ့်ဒေသတွင် လုပ်ငန်းခွင်အလုပ်အကိုင်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိသည့်အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသည့် မြန်မာနိုင်ငံသားများကလည်း နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရန်လည်း လိုအပ်ပါကြောင်း၊ ရရှိပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် ပြောကြားသည်။

 

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ကျေးရွာအုပ်စုနှင့် အောင်သပြေရပ်ကွက်၊ နန်းဟောင်း ကျေးရွာအုပ်စုတို့ကိုပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးစီမှ လက်ခံရယူ၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု၊ အေးသာယာရပ်ကွက်တို့ကိုပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးစီမှ လက်ခံရယူ၍ လည်းကောင်း၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ရေပူကျေးရွာအုပ်စု၊ စံကားကျေးရွာအုပ်စု၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စုနှင့် ဟွှေးကျေးရွာအုပ်စုနှင့် ကောင်းဘို့ကျေးရွာအုပ်စုတို့ကို ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ ပေးအပ်ရာ ကိုယ်စားလှယ် အသီးသီးမှ လက်ခံရယူကြပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးမှုအား ဒေသခံများကိုယ်စား ထီဖောင်းကျေးရွာအုပ်စု ဦးခွန်သန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

အဆိုပါ တောင်ကြီးခရိုင် တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်မြို့နယ်များ၏ “ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုလူဦးရေစာရင်း (၃၁၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၀၃၀)အား ဆောင်ရွက်ပေးအပ်ခဲ့ ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)