ရန်ကုန် အောက်တိုဘာ   ၂၂

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်အတွင်း လူသွားစင်္ကြံနှင့်လမ်းများ တိုးချဲ့ခင်းကျင်းနေမှုနှင့် မြို့ပြ သန့်ရှင်း သာယာရေး ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ် တော စည်ပင်သာယာရဲတပ်ဖွဲ့လိုင်းခန်းသို့ ရောက်ရှိပြီး ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုး ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် စက်ရုံလမ်း သာကေတ တံတား ဟောင်းအဆင်းမှ ဒေါပုံကော်ဇောစက်ရုံ၊ ၎င်းမှ မင်းနန္ဒာလမ်း ရွှေပုဇွန်မုန့်တိုက် အထိ အရှည်ပေ ၃၀၀၀ လူသွားစင်္ကြံ စက်ဘီးစီးလမ်း ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယခုအခါ အဆိုပါ လူသွားစင်္ကြံနှင့် စက်ဘီးစီးလမ်း ခင်းကျင်းနေမှု ၅၀ရာခိုင်နှုန်းပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ သန်လျင်တံတားချဉ်းကပ် လမ်းမကြီးအား သာလ္လာဝတီလမ်းမှ သာကေတအဝိုင်းထိ  ၁၁၅၀ ပေ၊ ၆ လမ်းသွားရရှိအောင် လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တာရယ်ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းမီ ဆောင်ရွက်ရေးမှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လသာမြို့နယ် ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး၊ လမ်းမတော်လမ်းမှ ရွှေတိဂုံဘုရားလမ်းထိ ရေမြောင်းများ ဆယ်ယူ ရှင်းလင်း နေမှု၊ ရေမြောင်းနှာပေါက်များအတွင်းမှ သဲ၊ ခဲ၊ များရှင်းလင်း ဆောင်ရွက်နေမှု၊ လျှပ်စစ်မီး ကြိုးနှင့် မလွတ်ကင်းသည့် အပင်အကိုင်းအခက်များနှင့် လမ်းပေါ်တွဲလောင်းကျနေသည့် အကိုင်းခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)