နေပြည်တော်၊ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၂ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တောင်ကြီး-ညောင်ရွှေ-ပင်လောင်း သွားကားလမ်းတွင် ညောင်ရွှေဘက်မှ ပင်လောင်းဘက်သို့ စည်သူဝင်း(၃၀)နှစ် မောင်းနှင်၍ ခင်မောင်ဝင်း (၃၃)နှစ် လိုက်ပါလာသည့် NISSAN LIGHT TRUCK မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၇၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၆ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၅၀ ၊ အလေးချိန် ၁၇ ဒသမ ၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်းတို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)