ပခုက္ကူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံရှေ့၌ တည်ဆောက်ထားရှိသော အောက်ဆီဂျင်စက်ရုံမှ အရေးပေါ်အောက်ဆီဂျင်ပေးသွင်းရန် လိုအပ်သည့် လူနာများအတွက် ပုံမှန်လည်ပတ်ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်နှစ်လုံးမှ တစ်လုံးမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထောက်ပံ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်းအနေဖြင့် 200 KVA ထရန်စဖော်မာ အသုံးပြုထားပြီး တစ်နာရီလျှင် ၄၀ လီတာ ၁၀ လုံးခန့်ထွက်ရှိသည့် XTFY Series PSA Oxygen Generator (60 Nm’/hr) စက်အမျိုးအစားဖြစ်ကြောင်း၊ နောက်တစ်လုံးမှာ ကွန်းခိုရာဖောင်ဒေးရှင်းမှ လှူဒါန်းခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိကြောင်း၊ တစ်နာရီလျှင် ၄၀ လီတာ ၄ လုံးခန့်ထွက်ရှိသည့် Containerized Oxygen Generator System (XTFY-20/93) စက်အမျိုးအစားဖြစ်ကြောင်း၊ စက်ပစ္စည်းများ နေရာချထားရေးနှင့် နေ့စဉ် ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။
ပခုက္ကူမြို့၊ အောက်ဆီဂျင်စက်ရုံမှ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူကြသည့် လူနာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး၊ အောက်ဆီဂျင်များ အလေအလွင့်မဖြစ်ပွားစေရေး၊ စက်နှင့်ဆက်စပ်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် စက်ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေးတို့အတွက် ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များက အခါအားလျော်စွာ ကြည့်ရှု စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


