ရွာငံ အောက်တိုဘာ ၂၄
ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သင်တန်းဆင်းပွဲကျင်းပပွဲကို အောက်တိုဘာ ၂၃ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စု၊ မြိုင်ကျေးရွာဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ် ထိုက် က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးသန့် က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ စာတွေ့လက်တွေ့များဖြင့် သင်ကြားပို့ချပေးခဲ့သော ကော်ဖီစိုက်ပျိုး ထုတ်လုပ်နည်းသင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေး၊ နိုင်ငံခြားဝင်ငွေ တိုးပွားရေးလုပ်ငန်းများအား တစ်ဖက်တလမ်းမှ ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်း ထူးချွန်ဆုများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ် ရွာငံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကော်ဖီ စိုက်ပျိုးထုတ်လုပ်နည်း သင်ခန်းစာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၁၅ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ ကော်ဖီစိုက်တောင်သူများ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချရာတွင် နည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ဒေသထွက်ကော်ဖီများ တိုးမြှင့်ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းစျေးကွက်သာမက ပြည်ပသို့တင်ပို့ရောင်းချပြီး နိုင်ငံခြားဝင်ငွေများ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


