ပွင့်ဖြူ အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ၂၀၂၁ ခုနှစ် ၊ မေ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၇၇ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၅၅၇ စု ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။
အဆိုပါလုပ်ငန်းများကို ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းမျာက ၂၀၂၁ ခုနှစ် မေ ၃ ရက်နေ့မှစတင်ကာ အဖွဲ့များခွဲ၍ ရပ်ကွက်/ကျေးရွာ များအရောက် နယ်လှည့်ကွင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မေ ၃ ရက်နေ့မှ ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် ကျား ၉၉၈ ဦး ၊ မ ၁၀၇၉ ဦး ၊ စုစုပေါင်း ၂၀၇၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း အိမ်ထောင်စုပေါင်း ၅၅၇ စုအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ် လိုသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ ၃၉၀၀ လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


