မြစ်ကြီးနား အောက်တိုဘာ ၂၅

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့သည် ပူတာအိုခရိုင်အတွင်းသို့ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများ သွားရောက်ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၅ ရက် နံနက် ၆ နာရီမှစပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ လူမှုရေး၀န်ကြီး ဦး၀င်းရဲထွန်း၊ ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ‌‌ဒေါက်တာတင့်နိုင်တို့မှ ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။

ဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံ‌‌ရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးမည့်အဖွဲ့အား ယခုလို ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား အားတက်သရော ပါ၀င်ဆောင်ရွက်ပေးပါသော ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် Volunteer အဖွဲ့၀င်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ခရီးစဉ်တစ်လျှောက်တွင် သတိဝီရိယနှင့် သွားလာကြရန် အမှာစကားပြောကြားပြီး လူမှုရေး၀န်ကြီး ဦး၀င်းရဲထွန်းမှလည်း အဆိုပါ ကာကွယ်ဆေး သွားရောက်ထိုးနှံမည့်အဖွဲ့အား လမ်းခရီးတစ်လျှောက်တွင် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက်ရာတွင် စေတနာထက်သန်စွာဖြင့် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှ ထောက်ပံ့ငွေ (၁၀) သိန်းကျပ်နှင့် ပြည်နယ် လူမှုရေး၀န်ကြီး ဦး၀င်းရဲထွန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ဒုတိယပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ‌‌ဒေါက်တာလှိုင်လှိုင်ဌေးမှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယင်း ကိုဗစ်-၁၉ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးမည့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား တီယန်ဇွပ်ကျေးရွာနှင့် ပူတာအိုခရိုင်အတွင်း၌ရှိသော ကျေးရွာများရှိ အသက် ၁၈ နှင့်အထက် ပြည်သူ ၄၀၀၀ နှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ ၁၅၂  ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ခရီးစဥဉ်တစ်လျှောက်တွင်လည်း ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများအား အောက်တိုဘာ ၂၅ ရက်မှစတင်ပြီး နို၀င်ဘာ ၁ ရက်အထိ (၁)ပတ်အကြာ ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် အောက်တိုဘာ ၂၀ ရက်အထိ ကောက်ယူရရှိမှု စာရင်းအရ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၃၁၇၄၄၈ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးသူဦးရေ ၁၃၅၇၃၇ ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)