မိတ္ထီလာ၊ အောက်တိုဘာ ၂၅
မိတ္ထီလာမြို့နယ်တွင် ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက ၁၀၀ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံ လုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေး တွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့် သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ် ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်စေရေးအတွက် မိုးနှောင်း ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက ၁၀၀ ကို ရေချိုကျေးရွာနှင့် လှည်းပွဲကျေးရွာတို့တွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။
၎င်းမိုးနှောင်း ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက ၁၀၀ စိုက်ပျိုးရာတွင်လည်း အပင်သက်တမ်း တစ်လျှောက် ကြီးထွားမှုအဆင့်အတိုင်း ပိုးမွှားကင်းစင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကင်းထောက်မှတ်တမ်း ကောက်ယူသည့် နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်လာပါက အပင်သားခွဲခြင်းလုပ်ငန်း၊ ပိုးမွှားကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာဝမြေသြဇာများ ထည့်သွင်းခြင်း လုပ်ငန်းများကို ဒေသခံတောင်သူများနှင့်အတူ ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည့်အပြင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုန် ဧက ၁၀၀ စိုက်ပျိုးသည့် ဒေသခံတောင်သူများကို မျိုးဝါစေ့နှင့် လူးနည်ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


