ဝက်လက် အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ မြို့မစည်ပင်သာယာစျေး အနောက်ဘက်တွင် ယနေ့ နံနက် ၆ နာရီမှစတင်၍ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာကို ၃၉၀၀ ကျပ်နှုန်းဖြင့် တတိယအကြိမ် ရောင်းချပေးနေကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီ လက်လီရောင်းဝယ်ရေးကားဖြင့် လူတစ်ဦးလျှင် ဆီ ၁ ပိဿာကို ၃၉၀၀ ကျပ်နှုန်းဖြင့် တစ်ရက်လျှင် ဆီ ၁၁၀၀ ပိဿာကို တစ်ကြိမ်ရောင်းလျှင် သုံးရက်ရောင်းချပေးလျက်ရှိရာ ယခုအကြိမ်သည် တတိယကြိမ် ရောင်းချပေးနေကြောင်း သိရသည်။
ဆီလာရောက်ဝယ်ယူသူ ဝက်လက်မြို့ မန်ကျီးတုံကျေးရွာမှ အိမ်ရှင်မတစ်ဦးမှလည်း ကျမတို့ ရွာထဲရှိ မန်ကျည်းပင်များမှ မန်ကျည်းသီး၊ အစိမ်းများခူး၍ စျေးသို့လာရောက်ကာ ရောင်းချရင်း ဆီဝယ်ယူခြင်းဖြစ်ကြောင်း၊ ဆီတစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့်သာ ရောင်းချတာတွေ့ရှိရသဖြင့် လာရောက်ဝယ်ယူကြောင်း၊ ကျမတို့လို တစ်နေ့လုပ်မှ တစ်နေ့စားရသူများအတွက် ဝမ်းသာစရာ တစ်ခုဖြစ်ကြောင်း၊ အပြင်မှာဆိုရင် ပဲဆီ တစ်ပိဿာကို ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်ထိရှိကြောင်း၊ အခု ကျမ လာရောက်ဝယ်ယူသည့် စားဆီမှာဆိုရင် အပြင်မှာ တစ်ပိဿာကို ၅၂၀၀ ကျပ်ထိရှိပါကြောင်းနှင့် ယခုလို ဒီမှာက ၃၉၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းကြောင့် အခြား စျေးဖိုးသုံးစရာလေးတွေ အပိုထွက်လာလို့ လာရောက်ဝယ်ယူကြောင်း ပြောကြားသွားသည်။
“ကျွန်တော်တို့ ဆီရောင်းတာ အခုက တတိယအကြိမ်ပါ။ တစ်ကြိမ်ကို သုံးရက်မှာ ဆီပိဿာ ၃၃၀၀ ရောင်းချပေးပြီး တတိယအကြိမ်မှာ ဆီပိဿာ စုစုပေါင်း ၉၉၀၀ ကို ရောင်ချပေးခဲ့ပါတယ်” ဟု ဆီရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


