ပွင့်ဖြူ   အောက်တိုဘာ   ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရံစေတီ ရှစ်ဆူ ထိခိုက်ပျက်စီးခဲ့မှုအား အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းကစတင်ပြီး ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိသည်။

 

mdn

 

ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မာစရိယ) ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် မိသားစုက ရေရှည်တည်တံ့ခိုင်ခန့်မှုရှိအောင် ပြုပြင်မွမ်းမံ ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အရံစေတီများနှင့် ဘုရားရင်ပြင်တော်ပေါ်ရှိ တန်ဆောင်းပြာဿဒ်များ ထိခိုက်ပျက်စီးမှုအား ဂေါပကအဖွဲ့မှ ဘုရားကြီးအလှူငွေဖြင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို သီတင်းကျွတ်လ မကွယ်မီ အပြီးပြုပြင် မွမ်းမံပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)