ရန်ကုန်၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပြည်လမ်းနှင့် ပါရမီလမ်းထောင့်တွင် အင်းလျားကန်သို့ဝင်ရောက်သည့် ရေဆင်းမြောင်းနှင့် ရေစစ်ကန် မြေထိန်းနံရံ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ စစ်ဆေးပြီး ရေဆင်းမြောင်း မြေထိန်းနံရံအပြင် ရေစစ်ကန်ကိုလည်း ၁ ပေအမြင့် အုတ်နံရံဆက်လက် တည်ဆောက်သွားရေး၊ ကမ်းစပ်မှကန်အတွင်းသို့ ၅ ပေ အရှည် ခိုင်ခံ့သည့် တုတ်ခတ်သွားရေးနှင့် အမှိုက်နှင့် ဒိုက်များ ဆယ်ယူသွားရေးတို့အားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ပေါင်သို့ သွားရောက်၍ သန့်စင်ခန်းဆောက်လုပ်ရန် မြေနေရာအား ရွေးချယ်သတ်မှတ်ပေးပြီး အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ကန်ပေါင်နှင့်သန့်စင်ခန်းကို ဆက်သွယ်မည့် အတက်/အဆင်း လှေကားပြုလုပ်ပေးရန် မှာကြားသည်။ ထို့နောက် ကန်ပေါင်အတိုင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုများနှင့် မြကျွန်းသာထောင့်တွင် အများသုံးသန့်စင်ခန်း ဆောက်လုပ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


