နေပြည်တော်၊ အောက်တိုဘာ ၂၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည် ယနေ့ နံနက်ပိုင်းက ရန်အောင်မြင်ဆည် ရေအရင်းအမြစ်မှ ရေကိုယူ၍ သောက်သုံးရေပေးဝေလျက်ရှိသော ရန်အောင်မြင်သဲရေစစ်ကန်သို့ သွားရောက် စစ်ဆေးရာ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူးက တစ်ရက်လျှင် ရေဂါလန် (၃ ဒသမ ၇၅)သန်း သန့်စင်ပေးဝေနေသည့် ရန်အောင်မြင်သဲရေစစ်ကန်မှ ပိတောက်အိမ်ရာ၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ သဇင်ဆောင်များ၊ သပြေဆောင်များ၊ ဉာဏသိဒ္ဓိရပ်ကွက်များသို့ သန့်ရှင်းသည့်ရေများ လုံလောက်စွာ ဖြန့်ဝေပေးနေမှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယမြို့တော်ဝန် က ရန်အောင် မြင်ဆည်အတွင်း၌ရှိသော Timber Decking Gazebo ကို အများပြည်သူအပန်းဖြေ နိုင်စေရန်အလို့ငှာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ရန်အောင်မြင် ရေထိန်း မျှော်စင်သို့ ရေဝင်ရောက်မှု၊ ရေထိန်းမျှော်စင်မှ Gravity Flow ဖြင့် တုံဂပူရိရေစုကန် သို့ပေးပို့ပြီး ကျောက်မျက်သဲရေစစ်ကန်မှတဆင့် ထန်းတပင်ရပ်ကွက်၊ ရွှေကြာပင်ရပ် ကွက်၊ ကျောက်မျက်အလုပ်ရုံများနှင့် စည်ပင်ဧည့်ရိပ်သာသို့ သောက်သုံးရေ ပို့လွှတ်နေမှု နှင့် ဆည်၏ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယမြို့တော်ဝန်သည် ဆင်အုံကန်မှ ရန်အောင်မြင် သဲရေ စစ်ကန် ရေကူရေတင် ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းလုပ်ငန်းခွင်များသို့ သွားရောက် ၍ လုပ်ငန်းအရည်အသွေး ပြည့်မီစွာဆောင်ရွက်ရေး၊ သတ်မှတ်ချိန်အမီပြီးစီးအောင် ဆောင်ရွက်ရေးတို့ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


