ရန်ကုန် စက်တင်ဘာ ၂၅
မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် ညပိုင်းက ယူအေအီးပထမတန်းကလပ် Al Jazeera Al Hamra အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် အာရှဖလား ခြေစစ်ပွဲအတွက် စခန်းဝင်လေ့ကျင့်ပြီးနောက်ပိုင်း ပထမဆုံးကစားသည့် နိုင်ငံတကာခြေစမ်းပွဲဖြစ်ပြီး သရေရလဒ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုဖြစ်သောကြောင့် မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အမာခံကစားသမားများကို အသုံးပြုကာ ကစားသမားများလဲလှယ်အသုံးပြုခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဒူဘိုင်းမြို့၌ လေ့ကျင့်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် ယူအေအီးနိုင်ငံမှ ခြေစစ်ပွဲကစားရမည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားသည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ (I) ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF