ရန်ကင်း အောက်တိုဘာ ၂၆

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက အမှတ် () ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်​ရေးကတ်ပြား (၃၆) ခုအား လ.ဝ.က မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင်  လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄-၁၁-၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသောသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ထုတ်​​ပေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ဆက်လက်ကွင်းဆင်း ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)