ပခုက္ကူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပခုက္ကူခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီက မြို့မဈေးအနီး လွတ်လပ်ရေး ပန်းခြံအရှေ့ဘက်နှင့် ယာယီပျံကျဈေးတို့၌ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့် ဆက်လက်ရောင်းချလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ဈေးကွက်အတွင်း စားသုံးဆီများပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေးအတွက် စားအုန်းဆီ တစ်ပိဿာကို ၃၉၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အကျိုးအမြတ် နှစ်ရာခိုင်နှုန်းထက် မပိုဘဲ စားသုံးသူပြည်သူများသို့ ပြန်လည်ရောင်းချပေးနိုင်မည့် လက်လီ/လက်ကား ရောင်းချသူများအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ဟိန်းသူ(ပြန်/ဆက်)


