မူဆယ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု (၆) လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ကျေးရွာ ၄ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၄ ရွာမှာ ဟွယ်လုံကျေးရွာ၊ နမ့်စန့်ကျေးရွာ၊ ခိုတိန်ကျေးရွာနှင့် မန့်ဟောင်းကျေးရွာတို့ဖြစ်ပြီး ၎င်းကျေးရွာများတွင်  ကျေးရွာပြည်သူလူထု ကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်၍ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူဆယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယိုင်ဆိုင်က ပြောပြသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာများကို သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်အတူ ရွေးချယ်ခဲ့ကြောင်းနှင့် ယခုအခါ အဆိုပါကျေးရွာ  ၄ ရွာတွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်မောင်