ပွင့်ဖြူ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို အောက်တိုဘာ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိုးတွင်းကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ထိခိုက်ပျက်စီးမှုအန္တရာယ် ကင်းဝေးစေရေး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်းနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၄) သိန်း၊ လူဦးရေ (၁၈) ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၃၇၈၀၀၊ မှရိုးကုန်းကျေးရွာမှ ဘုန်းတော်ကြီးကျောင်းဆောင် ပြောင်းရွှေ့ရမှုအတွက် ထောက်ပံ့ငွေကျပ် (၁) သိန်း၊ ကျေးရွာ (၁၂) ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၇၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၁၃၀၀၀၀၊ လေဘေးသင့် အိမ်ထောင်စုဝင် ၃၂၇ ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၆၈၆၇၀၀၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် (၁) သိန်း၊ စုစုပေါင်း သဘာဝဘေး ထောက်ပံ့ငွေကျပ် ၃၄၅၄၅၀၀ အား သဘာဝဘေးသင့် အိမ်ထောင်စုဝင်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


