မိတ္ထီလာ၊  အောက်တိုဘာ ၂၇

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေး     ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၈၀ ဒသမ ၁ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာတွင် မြေသားရေကန် တူးဖော်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ လက်နှိပ်ပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းတို့အား မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် မင်းလမ်းသာကုမ္ပဏီမှ တာဝန်ယူ၍  သြဂုတ်လ ၁၀ ရက်မှ စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် သရက်ခြံကျေးရွာ၊ ကြာပေါက်ကျေးရွာ၊ သဲတောကျေးရွာ၊ ဘုံးအိုးကျေးရွာတို့တွင် အကျယ် ပေ ၁၀၀ ပတ်လည် အနက် ၆ ပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများနှင့် လက်နှိပ်ပန့်များ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိလျက်ရှိသည်။ ၎င်းအပြင် အရာတော်ကျေးရွာတွင် လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ ဂါလန် (၂၄၀၀) ဆံ့ ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ပေ ၅၂၈၀ ရှိ ၂ လက်မ ပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကန်တောင်ကျေးရွာတွင် ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အရှည် ပေ ၅၂၈၀ ရှိ ၂ လက်မ ပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)