ရှားတော၊ အောက်တိုဘာ ၂၇
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ လိုအပ်၍ ပြင်ပကို ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ တစ်စုံတစ်ရာ ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးညွှန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


