ကျောက်ဖြူ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ လမ်းဆုံနေရာများ၌ ပန်းခင်းစီမံချက် ဆောင်ပုဒ်ပါ (Billboard) မြေစိုက်ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စတစ်ကာ ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင်ကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ကျောက်ဖြူခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများက လူသွားလူလာများသည့် ဗိုလ်ငမောက်လမ်းဆုံ၊ ဦးဥတ္တမလမ်း၊ နဂါးကျောင်း ပရိယတ္တိ စာသင်တိုက်ရှေ့လမ်းဆုံနှင့် အဝေးပြေးကားဂိတ် လမ်းဆုံနေရာတို့တွင် မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြသည်။
ယင်းနောက် အဆိုပါပူးပေါင်းအဖွဲ့သည် လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး ဈေးသွား၊ ဈေးပြန်များ၊ အငှားယာဉ် မောင်းနှင်သူများနှင့် လမ်းသွား၊ လမ်းလာပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ဝေသည့် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေပေးပြီး ယင်းလမ်းတစ်လျှောက် မောင်းနှင်နေသည့် ဆိုင်ကယ်နှင့် ကားများတွင် စတစ်ကာများ ကပ်ပေးကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့် စည်းကမ်းချက်များ၊ ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် (၄) ရပ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားခြင်းတွင် ပါရှိရမည့် အထောက်အထားများ ထည့်သွင်းဖော်ပြပါရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း


