မြို့သစ် အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မိုးတွင်းကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီခွဲက မြို့နယ်အတွင်း ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြတ်ကိုကို၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အား ပြတ်တောက်မှုများ လျော့နည်းကျဆင်းရေး၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့သစ်မြို့နယ်အတွင်း ကျေးရွာများသို့ ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်း တစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ကာ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုးအသစ် လဲလှယ်ခြင်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြတ်ကိုကိုထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


