ပဲခူး အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဘထ္ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်သုံး ဆိုလာပြားထုတ်လုပ်သည့်လုပ်ငန်း၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ စက်ရုံများမှ ထွက်ရှိသည့် ကုန်ချောများအား ပြည်ပသို့ (၁၀၀)ရာခိုင်နှုန်း တင်ပို့ခြင်းမှ ပြည်တွင်းသို့လည်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဈေးကွက်ရှာဖွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများ တည်ငြိမ်လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး လိုအပ်သည့် လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် လုံခြုံရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ စက်မှုဇုန်အလိုက် ယာဉ်ရပ်နားရန်နေရာနှင့် ဈေးဆိုင်တန်းများကို လည်း စနစ်တကျ ဖော်ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးစက်မှုနယ်မြေအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Gertai(Bago) Co., Ltd မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ (၄)သန်းဖြင့် CMP စနစ်ဖြင့် အိမ်သုံး၊ လူသုံးကုန်ပစ္စည်းမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း အသစ်တစ်ခု လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြို့ စက်မှုနယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် Pangkook Myanmar Litmited မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ (၃၅)သန်းရှိပြီး ထပ်မံရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၆)သန်းကိုလည်းကောင်း၊ Zhengbang (Myanmar) Farm Co., Ltd မှ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ(၁၂ ဒသမ ၅)သန်းရှိပြီး ထပ်မံရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၁၅)သန်းကိုလည်းကောင်း၊ Myanmar New Hope Farms Co., Ltd မှ ပြည်တွင်းမှ ပြောင်းဆန်အား ပြည်ပနိုင်ငံသို့ တင်ပို့ခွင့်လုပ်ငန်းကိုလည်းကောင်း ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)