ရန်ကုန်   အောက်တိုဘာ   ၂၇

အာရှဘောလုံး အဖွဲ့ချုပ်သည် ၂၀၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၈ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုမဲခွဲရန် နိုင်ခြေ ဆီဒင်သတ်မှတ်ချက် တွင် Pot-4 ၌ ပါဝင်နေသည်။

အာရှဘောလုံး အဖွဲ့ချုပ်သည် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ် ချက်များကို ထုတ်ပြန်ခဲ့ရာ Pot1 တွင် အိမ်ရှင်အိန္ဒိယ၊ လက်ရှိ ချန်ပီယံ ဂျပန်၊ သြစတြေးလျ၊ Pot-2 တွင် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ Pot-3 တွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ Pot-4 တွင် မြန်မာ၊ အီရန်နှင့် အင်ဒိုနီးရှား အသင်းတို့ ပါဝင်နေသည်။ အုပ်စုမဲခွဲပွဲကို အွန်လိုင်းမှသာ ပြုလုပ်မည်ဖြစ်ပြီး တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရထားသည့် လေးသင်း၊ ခြေစစ်ပွဲအောင်မြင်ထားသည့် ရှစ်သင်း၊ စုစုပေါင်း ၁၂ သင်းကို မဲနှိုက်ရေးဆွဲသွားမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ် အများဆုံးရရှိသည့် ထိပ်ဆုံး နှစ်သင်းစီနှင့် တတိယနေရာရ  သင်းများအနက် အကောင်းဆုံး နှစ်သင်း၊ စုစုပေါင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယခုနောက်ပိုင်းတွင် လေးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး မြန်မာအသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲ မအောင်မြင်ဘဲ ယခုနှစ်မှသာ တစ်ကျော့ပြန် ခြေစစ်ပွဲ  အောင်မြင်ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ အုပ်စု D တွင် ကျရောက်ခဲ့ပြီး လက်ဘနွန်  အသင်းကို လေးဂိုး-ဂိုးမရှိ၊ ဂူအမ်အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ ယူအေအီးအသင်းကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိကာ သုံးပွဲကစား ကိုးမှတ်ဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှင် အိန္ဒိယအသင်း၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်း၊ ဒုတိယဆုရသြစတြေးလျအသင်းနှင့် တတိယဆုရ တရုတ်အသင်း တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ထိုင်း၊ တောင်ကိုရီးယား၊ ဖိလစ် ပိုင်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ မြန်မာ၊ အီရန်နှင့် အင်ဒိုနီးရှား အသင်းတို့မှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့် ပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယ နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF