ဘားအံ အောက်တိုဘာ ၂၈

 

ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၁) ကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှလည်း မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် မိမိတို့အားလုံး၌ တာဝန်ရှိသည်ကို သိရှိခံယူထားကြဖို့ လိုမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် ၆ လ စီမံကိန်း စတင်နေပြီဖြစ်ကြောင်း၊ စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနအလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စီမံကိန်းလျာထားချက်များနှင့် ပတ်သက်၍ ဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ကြဖို့လိုကြောင်း၊ ကာလတိုအတွင်း လုပ်ငန်းတာဝန်များပြားသည့်အတွက် အားထည့်ဆောင်ရွက်ကြစေလိုကြောင်း၊ NGO INGO များကို စောင့်ကြည့်ထိန်းကြောင်းပေးဖို့လိုပြီး လမ်းလွဲနေပါက တည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်လာမည်ဆိုပါက ချက်ခြင်းရပ်တန့်စေရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လူသားအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လွတ်ငြိမ်းချမ်းသားခွင့်နှင့် အမှုပိတ်သိမ်း၍ ပြန်လည်စေလွှတ်ပေးခဲ့သည့်အထဲတွင် ဝန်ထမ်းများပါဝင်ပြီး တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက သက်ဆိုင်ရာ ပြည်နယ် အကြီးအကဲများမှတစ်ဆင့် တင်ပြပေးစေလိုကြောင်း၊ ရိုးရာအစဉ်အလာမပျက် ကရင်ပြည်နယ်နေ့ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးရှင်းလင်း တင်ပြခဲ့ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ဖြည့်စွက်ဆေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍  (၁၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဌာနအလိုက် ကထိန်သင်္ကန်း၊ ပဒေသာပင်များကို ယခင်နှစ်များထက် မလျော့နည်းစေဘဲ မိမိတို့မဲကျရာ ဆရာဒကာ ကျောင်းများသို့ ဆက်ကပ်လှူဒါန်း သွားကြစေလိုကြောင်း ပြောကြားပြီး အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်လှူဒါန်းရေးနှင့် ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းနှင့် ဘဏ္ဍာငွေ ရှာဖွေရေးဆပ်ကော်မတီ၊ သံဃာများ ပင့်ဆောင်ရေးဆပ်ကော်မတီ၊ ပ‌ဒေသာပင် လှူဖွယ်ဝတ္ထု လက်ခံထိန်းသိမ်းခြင်း ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီများက မိမိတို့ဆပ်ကော်မတီများအလိုက် လုပ်ငန်းတာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)