ပဲခူး အောက်တိုဘာ ၂၈
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၇) ရပ်ကွက်ရှိ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု စံပြကျေးရွာဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးများ၊ ဆုရရှိသည့်မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ကျေးရွာကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၁-၂၀၂၂ ခု (၆) လ ဘတ်ဂျက်လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းလျာထားမှု စာရင်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်းများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး အကြံပြု ဆွေးနွေးချက်များအပေါ် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအစီအစဉ် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု စံပြကျေးရွာဆုများရရှိသည့် ကျောက်တံခါးမြို့နယ်၊ ကြားအင်းကုန်းကျေးရွာ၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၊ ပန်းတောင်းမြို့နယ် တောင်ပို့ကွင်းကျေးရွာတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ကျေးရွာကိုယ်စားလှယ်များအားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်နိုင်မှုဆုရရှိသည့် ပဲခူး၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ ညောင်လေးပင်၊ ကျောက်ကြီး၊ အုတ်တွင်း၊ ကြို့ပင်ကောက်၊ မိုးညို၊ နတ်တလင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆) လ ဘတ်ဂျက်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃၅) ကြိမ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လမ်း၊ တံတား (၉) လမ်း၊ (၉/၃ ဒသမ ၉၉၉) မိုင်၊ ရေရရှိရေး (၅၃) ခု၊ မီးလင်းရေး (SHS) (၃၉၈) ခုနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း (၆၀) ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (၃၆၅) ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း (၉၀) ကြိမ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


