ကမမောင်း၊ အောက်တိုဘာ ၂၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံကြစေရေးအတွက် မြန်မာဘာသာနှင့် စကောကရင် ဘာသာ​စကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြို့နှင့်နီးသည့် ကျေးရွာများသို့သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်  မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာ နေထိုင်ကြပါရန် (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မိမိနှင့် မိမိတို့မိသားစုများအတွက် မဖြစ်မနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကို အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

 

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံကြစေရေး အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပတ်ဝန်းကျင်ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

လင်းသန့် (ပြန်/ဆက်)