မင်းတုန်း အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ကူဖြူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ပေးဆပ်ခြင်းနှင့် သတ္တမအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အဆိုပါ ကျေးရွာ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်စီမံကိန်း ဆဌမအကြိမ်အဖြစ် ပြန်လည်ပေးဆပ်ခြင်းများကို စနစ်တကျ လက်ခံခဲ့ပြီး သတ္တမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း ၁၂ ဦး၊ မွေးမြူရေးလုပ်ငန်း ၅၄ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ၉ ဦး၊ အရောင်းအဝယ်လုပ်ငန်း ၂ ဦး၊ စုစုပေါင်းအသင်းသား ၇၇ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၄၅ ဒသမ ၆ သန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


