နေပြည်တော် အောက်တိုဘာ ၂၈
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံနှင့် တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးသည် အလွန်အရေးကြီးသကဲ့သို့ အနာဂတ် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရသည့် ပညာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အကြီးအကဲများအနေဖြင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် အထူးမွမ်းမံ သင်တန်းများ ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေးရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုလို သင်တန်းများ ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း။
ဆရာ၊ ဆရာမများသည် စာကိုလည်းသင်၊ စာရိတ္တကိုလည်း ပြုပြင်ပေးရသူများဖြစ်ကြောင်း၊ အတွေးအခေါ်ကောင်းသော ဆရာမှသာ ပညာရည်မြင့်မားပြီး စဉ်းစားဆုံးဖြတ်နိုင်စွမ်းမြင့်မားသော တပည့်ကောင်းများစွာကို မွေးထုတ်ပေးနိုင်ပြီး တပည့်ကောင်းများက နောင်တစ်ချိန်တွင် တိုင်းပြည်၏ ကဏ္ဍသီးသီးတွင် ဦးစီးဦးဆောင် ပြုနိုင်စွမ်းရှိသူများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ရဲ့ အနာဂတ် တည်တံ့ခိုင်မြဲဖွံ့ဖြိုး တိုးတက်ရန်နှင့် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန်အတွက် ပုံသွင်းရသူများဖြစ်သော ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုအပေါ် အဓိကတည်မှီနေကြောင်း မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သင်တန်းသား (၁၅၁) ဦး၊ သင်တန်းသူ (၈၀၉) ဦး၊ စုစုပေါင်း (၉၆၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလရက်သတ္တ (၅) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


