ထားဝယ် အောက်တိုဘာ ၂၈

 

သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီး ပြန်စိုက်ဧကအပေါ် ယူရီးယားမြေသြဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၁ ခုနှစ်မိုးရာသီတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း သဘာဝဘေးကြောင့် မိုးစပါး ထိခိုက်ပျက်စီးပြီး ပြန်စိုက်ရသော စိုက်ဧကများအပေါ်တွင် နိုင်ငံတော်က ယူရီးယားဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများအား အခွင့်အရေး ကာကွယ်ရန်နှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ လိုအပ်သည်များကို အစဉ်တစိုက်အကူအညီများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်က တောင်သူလယ်သမားများအပေါ်တွင် ထားရှိသော စေတနာများကို အသိအမှတ်ပြု တန်ဖိုးထားပြီး တောင်သူများအနေဖြင့်လည်း မိမိစိုက်ပျိုးရမည့် မိုးစပါး၊ နွေစပါးများကို အောင်အောင်မြင်မြင် စိုက်ပျိုးသွားရန်နှင့် စိုက်ရန်ရှိသည့် သီးထပ်သီးညှပ်များကိုပါ တပါးတည်းပေါင်းပြီး လိုအပ်သည်များကို ပြည့်မီအောင် စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဆန်စပါး ရာခိုင်နှုန်းအပြည့် မဖူလုံသေးသောကြောင့် အစိုးရအဖွဲ့အနေဖြင့် စိုက်ဧကများ တိုးချဲ့ရန်၊ စိုက်ပျိုးနည်းစနစ်များ တိုးချဲ့ရန်၊ မိုးစပါးပြောင်းလဲမှုများနှင့် လိုအပ်သော ဓာတ်မြေသြဇာများကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ယူရီးယားဓာတ်မြေသြဇာကို နွေစပါးအတွက်လည်း ထပ်မံပြီး နိုင်ငံတော်က သက်သာသော စျေးနှုန်းများဖြင့် ဆက်လက်ပြီး ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း၊ ဒေသဝမ်းစာ ဖူလုံရေးအတွက် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီး ပြန်စိုက်ဧက (၈၆၄)အား ယူရီးယားမြေသြဇာ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူပြီး တောင်သူများကိုယ်စား တနင်္သာရီမြို့နယ်မှ တောင်သူကိုယ်စားလှယ် ဦးထွန်းဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)