ယာဉ်တိုက်မှုအတွက် ဒဏ်ငွေဆောင်ခဲ့ရတဲ့ ပါ့ခ်ဆိုယောင်း 

အောက်တိုဘာ ၂၉

ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်သူပါ့ခ်ဆိုယောင်းဟာ ပြီးခဲ့တဲ့လအတွင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ အရက်သေစာသောက်စားထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရား  ရင်ဆိုင်ခဲ့ရကာ လတ်တလောမှာတော့ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ဝမ် ၁၅ သန်းကျခံဖို့ရာ အမိန့်ချမှတ်ခံခဲ့ရကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်က ဆိုးလ်ဗဟိုတရားရုံးက ပါ့ခ်ဆိုယောင်း ကို ဒဏ်ငွေချမှတ်ခဲ့တာဖြစ်ပါတယ်။ ပါ့ခ်ဆိုယောင်းက သူ့ရဲ့ အပြစ်တွေ ကို ဝန်ခံခဲ့ပြီးနောက် ယခုလိုဒဏ်ငွေပေးဆောင်စေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ တာလည်း ဖြစ်ပါတယ်။ 

ပါ့ခ်ဆိုယောင်းဟာ သူ့ရဲ့ ကားကိုမောင်းလာစဉ် မေ ၁၈ ရက်  ညပိုင်းမှာ အငှားယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းဟာ ဒဏ်ရာတွေပြန်လည်ကောင်းမွန်လာဖို့ သီတင်းနှစ်ပတ်ခန့်ကုသမှုခံယူခဲ့ရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ပါ့ခ်ဆိုယောင်းရဲ့ သွေးအတွင်း အယ်လ်ကိုဟောပါဝင်မှုမြင့်မားနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လအတွင်းက အမှုနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ရာမှာတော့ ထောင်ဒဏ်တစ်နှစ်  ကျခံဖို့ သက်ဆိုင်ရာက တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာ၂၈ ရက်မှာတော့ ဆိုးလ်ဗဟိုတရားရုံးက ပါ့ခ်ဆိုယောင်းကို ဒဏ်ငွေ အဖြစ် ဝမ် ၁၅ သန်း ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်