မကွေး အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးကို  အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ  အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဝန်ကြီးချုပ် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် နိုင်ငံတော်အတွင်း FDI နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာခြင်းမှာ အဓိကဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားများပြားလာမှာ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်က သတ်မှတ်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရန်ကိုပါ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အရည်အသွေးပြည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်ကြမှာဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်သားများ၏ လုပ်ခလစာကိုလည်း သတ်မှတ်ဥပဒေနှင့်အညီပေးရန်၊ နှစ်အလိုက် လုပ်သားများကို လုပ်ငန်းကျွမ်းကျင်မှု သင်တန်းများပေးခြင်း၊ ကျွမ်းကျင်မှုအလိုက် လုပ်သားများကို လုပ်ခလစာ တိုးပေးခြင်း၊ လူမှုဖူလုံရေး ထည့်ဝင်ခြင်း၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု ကျန်းမာရေးနှင့် လူမှုရေး ထောက်ပံ့မှုအစီအစဉ်ထားရှိခြင်း၊ မိမိတို့လုပ်ငန်းတည်ရာဒေသ၏ ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပံ့ပိုးခြင်းနှင့် ကုမ္ပဏီ၏ အမြတ်အစွန်းမှ Corporate Social Responsibility (CSR) ကိုလည်း ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်းအဆိုပြုစဉ်က ဖော်ပြထားသည်နှင့်အညီ အကျိုးပြု လုပ်ငန်းများတွင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

mdn

 

ထို့နောက် ကော်မတီအတွင်းရေးမှူးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online – MyCO) မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ကော်မတီသို့ ရှင်းလင်းတင်ပြခဲ့သည်။

 

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်များ လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရသည်။

 

မောင်ညီညာ(မကွေး)