လွိုင်ကော် အောက်တိုဘာ ၂၉

 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယားပြည်နယ်အတွင်း အားပေးမြှင့်တင်လိုသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် ကာလအလိုက် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံချက် (မူကြမ်း) ရေးဆွဲထားမှု၊ ကလေးသူငယ် အလုပ်သမား ပပျောက်ရေးဆိုင်ရာ ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့မှုနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့မှု အခြေအနေအား ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)