ဘားအံ အောက်တိုဘာ ၂၉
သဘာဝဘေးဒဏ်ကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား ယူရီးယားမြေဩဇာ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ဖါပွန်နှင့် သံတောင်မြို့နယ်တို့မှလွဲ၍ ကျန်မြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဓိကအားဖြင့် မိုးစပါးဧက သုံးထောင်ကျော်ခန့် ရေကြီးနစ်မြုပ်၍ ပျက်စီးခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးစပါးနှင့် ပြောင်းမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် လယ်ဧကများအတွက် တစ်ဧလျှင် ယူရီးယား ဓာတ်မြေဩဇာ တစ်အိတ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆန်၊ စပါး၊ ပြောင်း၊ ပဲအမျိုးမျိုးတို့ကို တင်ပို့ရောင်းချနေရပြီး မြေလွှတ်မြေလပ် မကျန်အောင် စိုက်ပျိုး လုပ်ကိုင်ကြဖို့လိုကြောင်း၊ လိုအပ်သည်များနှင့် အခက်အခဲများကို တင်ပြကြစေလိုပြီး ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ခင်ဇော်တို့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉ အုပ်စုမှ သဘာဝဘေးကြောင့် မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးသွားသော တောင်သူ ၈၁၅ ဦး၏ လယ် ၁၃၃၈ ဧကအတွက် ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာအုပ်စုများမှ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး တောင်သူကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ မျိုးသန့်ခြံတွင် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာများ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မျိုးစေ့သိုလောင်ရုံ၌ ပိုင်အိုးနီးယား သီးနှံစုံအခြောက်ခံစက်အား တောင်သူရှင်းလင်း သရုပ်ပြပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သမ္ဘာန်ကျေးရွာရှိ တောင်သူဒေါ်မုထူး၏ တန်(၃၀) စပါးကြိတ်ခွဲစက်အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


