ပဲခူး အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး မွေးမြူရေးကို အဓိကထား ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး၏ လူဦးရေ (၈၂) ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း၊ မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရရှိသည့် ဘဏ္ဍာရန်ပုံငွေပေါ်မူတည်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည်တို့ကို ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ လိုအပ်ချက်ရှိသော နေရာများအား ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကွင်းဆင်းစိစစ် တင်ပြပေးရမည်ဖြစ်ကြောင်း၊ NEP စီမံကိန်းတွင် မပါဝင်သော (၃) မိုင်နှင့် (၅) မိုင်ကြား ကျေးရွာများနှင့် (၅) မိုင်အထက် ကျေးရွာများအား စာရင်းပြုစု၍ ဆိုလာစနစ်ဖြင့် မီးလင်းနိုင်ရေး တွက်ချက်တင်ပြပေးရန် လိုအပ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လတာကာလအတွင်း ခွင့်ပြုပေးထားသည့် စီမံကိန်းများအား အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆေးဖြန်းခြင်း၊ ကျောင်းသုံးပရိဘောဂများ ပြုပြင်ခြင်းနှင့် ကျောင်းဝန်း အတွင်း/အပြင် သန့်ရှင်းသပ်ရပ်ရေး ကြိုတင်ဆောင်ရွက်ထားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ မှန်ကန်မြန်ဆန်ရေး၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် တင်ဒါလုပ်ငန်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းခရီးစဉ် လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လတာ ကာလအတွင်း ခွင့်ပြုပေးထားသည့် စီမံကိန်းများအား တင်ဒါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဌာနဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


