ရန်ကုန် အောက်တိုဘာ ၂၉
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများ၊ လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် စတင်၍ အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်များကို ခေါက်ရေတိုးပြီး ခရီးသည်ပြည်သူများ ပိုမိုအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။
ထိုသို့ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များအနေဖြင့် ရုံးဖွင့်ရက်များတွင် လက်ရှိပြေးဆွဲနေသည့် ၃၀ ခေါက်မှ ၃၂ ခေါက်သို့ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် ၂၀ ခေါက်မှ ၂၄ ခေါက်သို့ လည်းကောင်း သင်္ဘောအခေါက်ရေတိုး၍ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဒလဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီခွဲအထိနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၆ နာရီမှ၍ ည ၇ နာရီအထိလည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုး ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)


