ရန်ကုန်၊ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ၍ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကို ကွင်းဆင်းကြည့်ရူစစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မှော်ဘီမြို့နယ် မြောင်းတကာ မြစ်ရေတင်စီမံကိန်း လုပ်ငန်းခွင်ရုံးသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကျေးလက်နေ ပြည်သူလူထု၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် နွေစပါးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး စီမံကိန်းဧက (၈၀၀) လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ဝန်ကြီးချုပ်မှ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း ယခုနှစ် နွေစပါးဧက တစ်သိန်းသုံးသောင်း စိုက်ပျိုးရန်လျာထားကြောင်း၊ သို့ဖြစ်၍ ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိနိုင်ရန်နှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ လိုအပ်သည်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းခွင်ဆောင်ရွက်မည့် နေရာအား ကြည့်ရူစစ်ဆေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် သဘာဝမြေဆွေးနှင့် စိုက်ပျိုးထားရှိသည့် ရိုးဝကျေးရွာရှိ တောင်သူဦးမြင့်ဦး၏ အထွက်တိုးစံပြကွက် ၁၀ ဧက စပါးစိုက်ခင်း၊ ရွှေမြယာကျေးရွာရှိ ပုဂ္ဂလိက အသားတိုးကြက်အကောင်ရေ (၆၄၀၀၀) မွေးမြူထားရှိမှု၊ ဖူးကြီးကျေးရွာရှိ ပုဂ္ဂလိက အသားတိုးကြက်အကောင်ရေ (၅၂၀၀၀) မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တဘူးလှဆည်ရေသောက်စနစ်ဖြင့် တိုက်ကြီးမြို့နယ် ကျေးရွာများသို့ စိုက်ပျိုးရေပေးဝေနေသည့် ရင်းတိုက်ကွင်း ကျေးရွာရှိ လက်ဝဲမြောင်းမကြီး ရေလွှတ်ပေးနေမှုများကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ အကူအညီဖြင့် သဘာဝမြေဆွေးဖြင့် စိုက်ပျိုးသည့် ရင်းတိုက်ကွင်းကျေးရွာ ၂၀၂၁ ခုနှစ်၊ မိုးစပါးတစ်ဧကတင်း (၁၀၀) ထွက်ရှိရေး တောင်သူပညာပေးဧက (၁၀၀) စံပြကွက် စပါးစိုက်ခင်းနှင့် သဘာဝမြေဆွေး လုပ်ဆောင်ထားရှိမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)


