နေပြည်တော် အောက်တိုဘာ ၂၉
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ သီရိမြတ်လမ်း၊ အမှတ် (၄၄၀)နေ မxxxx၊ ၁၇ နှစ်ကို ၎င်းနှင့် ရည်ငံနေသူ အမှတ်(၃၉၄)၊ ထီးလင်းလမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေ စည်သူ(ခ)မောင်စည်(တိမ်းရှောင်) နှင့် ၎င်း၏မွေးစားမိခင်ဖြစ်သူ ဒေါ်ချိုကြီး(ခ)မသွယ်သွယ်လင်း တို့(၂)ဦးမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကြောင်း ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်း(ပ)၄၅၃၂/၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် တရားခံ ဒေါ်ချိုကြီး(ခ) မသွယ်သွယ်လင်းကို လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်ကျခံစေရန်နှင့် တိမ်းရှောင်တရားခံအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဗိုလ်တေဇ ပတ်လမ်းနေ မxxxx၊ ၁၇ နှစ် ကို နေအိမ်နှင့် မျက်နှာချင်းဆိုင်နေ မချစ်စု(ခ)ချစ်စုမ၊ ၁၉ နှစ်၊ (ဘ)ဦးစန်းလွင် နှင့် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်အေးမော်၊ ၄၅ နှစ်၊ (ဘ)ဦးအောင်ကြင်၊ အမှတ်(၄၈)၊ အောင်ဇေယျလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့က အိမ်အကူလုပ်ငန်းလုပ်ကိုင်လိုပါက လိုက်ခဲ့ရန် ပြောဆိုခေါ်ဆောင်သွားပြီး အမျိုးသား တစ်ဦးထံတွင် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်း(ပ)၄၇၄/၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၂၆ ရက်တွင် တရားခံ မချစ်စု(ခ)ချစ်စုမနှင့် ဒေါ်အေးမော် တို့(၂)ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)