နေပြည်တော် အောက်တိုဘာ ၂၉
မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံး ဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပရာ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့အတွင်းရှိ တိုင်းဒေသကြီးအလိုက် မိုးစပါးစိုက်ပျိုးမှု၊ ရိတ်သိမ်းနေမှု၊ စက်မှုလယ်ယာနှင့် ပုဂ္ဂလိက ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေး နိုင်မှု၊ ပြည်တွင်း၌ စက်သုံးဆီထုတ်လုပ်မှုနှင့် လက်ကျန်၊ တိုင်းဒေသကြီးအလိုက် စက်သုံးဆီ လိုအပ်ချက်အခြေအနေ၊ မိုးစပါးများ ရိတ်သိမ်းချိန်အမီ တောင်သူလယ်သမားများကို စက်သုံးဆီများ အမြန်ဆုံးဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးရန် ပြောကြားသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ အတွင်းရေးမှူးများ၊ UMFCCI၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စက်သုံးဆီများကို ရိတ်သိမ်းချိန်အမီ သက်သောသောဈေးနှုန်းဖြင့် အမြန်ဆုံးဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများအပေါ် ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


