နေပြည်တော် အောက်တိုဘာ ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနသည် အများပြည်သူသို့ ပညာရပ်များ ဖြန့်ဖြူးပေးခြင်းဖြင့် ယဉ်ကျေးမှု အသိစိတ် ဓာတ်များ ပေါ်ပေါက်ခိုင်မာလာစေခြင်း၊ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်စေလိုသည့် စိတ်ဓာတ်များ ပေါ်ပေါက် လာစေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုတို့ကို သိမြင်လာနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြတိုက်များ ဖွင့်လှစ်ထားရှိသည်။
ထိုနည်းတူ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည်လည်း အများပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့ကို ဖွင့်လှစ်ထားရှိခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ပြတိုက်များနှင့်စာကြည့်တိုက်များ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တယ်လီဖုန်းမှတစ်ဆင့် ဝန်ဆောင်မှု ပေးခြင်းနှင့် Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ယခုအခါ အဆိုပါ ပြတိုက်များနှင့်စာကြည့်တိုက်များကို နိုဝင်ဘာ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ၊ Standard Operating Procedure(SOP)နှင့်အညီ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။ ပြတိုက်များကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိလည်းကောင်း၊ အမျိုးသားစာကြည့်တိုက်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ လည်းကောင်း ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။
စာကြည့်တိုက်ဝန်ဆောင်မှုများအနေဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ Website ဖြစ်သော www.nlmnpt. gov.mm တွင်လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၏ Website ဖြစ်သော www.nlm.gov.mm တွင်လည်းကောင်း အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားရှိသော Digital စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေစာ၊ ပုရပိုက်စာ၊ သမိုင်းနှင့် ရှေးဟောင်းသုတေသနစာစုများ၊ အစိုးရထုတ်စာအုပ်များ၊ အာဆီယံစာစုများ၊ ကမ္ဘာ့ကုလသမဂ္ဂစာစုများ၊ ရှားပါးစာစုများ၊ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊ သုတေသနစာတမ်းများ၊ မြန်မာနိုင်ငံ ပြန်တမ်းများစသည့် e-Resources များကို ဝင်ရောက် ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


