ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း ၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွားပြည်သူများအား မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်မှစ၍ ရေယာဉ်ခရီးစဉ်များကို ခေါက်ရေ တိုးပြီး ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
ထိုသို့ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုး တန်း-ဒလ) သင်္ဘောခရီးစဉ်များအနေဖြင့် ရုံးဖွင့်ရက်များတွင် လက်ရှိ ပြေးဆွဲနေသည့် အခေါက်ရေ၃၀မှ ၃၂ ခေါက်သို့ လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အခေါက်ရေ ၂၀ မှ ၂၄ ခေါက် သို့ လည်းကောင်း သင်္ဘောအခေါက်ရေတိုး၍ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဒလဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီခွဲအထိနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၇ နာရီ အထိလည်းကောင်း ခရီးသည်များ သွားလာရေးအဆင်ပြေချောမွေ့စေရေးအတွက် ရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုး ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော် (ပြန်/ဆက်)
သတင်းနှင့် ဓာတ်ပုံ


