နတ်မောက် အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများစိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ အောက်တိုဘာ ၃၀ ရက် နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ ၀.၉၀ ပေ ရေကျော်ကျ လျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာ ၂၉ ရက်တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ်( ၆၈၄ )ပေရှိ၍( ၁ )ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃.၉ )ပေရှိပြီး ( ၀.၉၀) ပေ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိကြောင်းသိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုလျော့နည်းလာသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိဒေသခံပြည်သူများ သိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံ များအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်ကလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်


