အုတ်ဖို အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေကျပ် ၄၆ ဒသမ ၅၁ သန်းကို ကိုင်းကြီးအုပ်စု၊ ကြိုးကြာကွင်းကျေးရွာ၌ အောက်တိုဘာ ၂၉ ရက်က ထုတ်ချေးပြီးဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ထိုသို့ စီမံကိန်းချေးငွေများထုတ်ချေးပေးရာတွင် ချေးယူလိုသူများ၏ လယ်ဝယ်သို့ မှန်မှန်ကန်ကန် ရောက်ရှိရေးအတွက် အုတ်ဖိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင်ပါရှိသော ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းချေးငွေများဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၂ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂ဦး၊ စုစုပေါင်း ၁၀၄ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၆ ဒသမ ၅၁ သန်းကို ငွေ ၁၀၀ ကျပ်လျှင် အတိုးနှုန်း ၅၀ ပြားနှုန်းဖြင့် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း အုတ်ဖိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးကပြောပြ၍ သိရသည်။
ဖြိုးလေး


