ပန်းတောင်း အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၄၄ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်း ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert သုံးစင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်ထံမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းသည် စုစုပေါင်းအရှည် တစ်မိုင်လေးဒသမ ၅၇ ဖာလုံ ရှိမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာခြင်းကို ဆောင်ရွက်လျက် ရှိသည်။ 

ကျေးလက်ဒေသများမှ ထုတ်ကုန်များကို အဆင်ပြေချောမွေ့စွာ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်ကျေးရွာ တစ်ရွာမှာ ကြိုးကြာကျေးရွာအုပ်စု ကြိုးကြာကျေးရွာဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)